International News

ငွေကြေးဖောင်းပွမှုက အာဆီယံ စီးပွားရေးနာလန်ထူနိုင်မှုကို ၂၀၂၂ ခုနှစ်ကျော်ကာလအထိ ခြိမ်းခြောက်နေကြောင်း ကမ္ဘာ့ဘဏ်သတိပေး

Last Updated:

စားသောက်ကုန်နှင့် လောင်စာဆီဈေးနှုန်းများ မြင့်မားလာခြင်းသည် ပုဂ္ဂလိကငွေကြေးသုံးစွဲမှုနှင့် ရင်းနှီးမြှုပ်နှံမှုများကို လျော့ကျလာစေပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ကျဆင်းလာစေသည်။

ကမ္ဘာ့လုံးဆိုင်ရာငွေကြေးဖောင်းပွမှု မြင့်တက်လာခြင်းသည် ၂၀၂၂ ခုနှစ်တွင် အာဆီယံ စီးပွားရေးနာလန်ထူနိုင်မှုကို ထိခိုက်စေပါသည်။  ကမ္ဘာ့ဘဏ်၏ ဇွန်လထုတ် Global Economic Prospects အစီရင်ခံစာအရ ဖွံ့ဖြိုးပြီးနိုင်ငံများ၏ ငွေကြေးဖောင်းပွမှုနှုန်းသည် ယခုနှစ်ဧပြီလတွင် ၁.၉ ရာခိုင်နှုန်းမှ ၆.၉၅ ရာခိုင်နှုန်းထိမြင့်တက်ခဲ့သည်ကိုတွေ့ရှိရပြီး ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ငွေကြေးဖောင်းပွမှုနှုန်းသည်လည်း အလားတူကာလတွင် ၄.၂၃ ရာခိုင်နှုန်းမှ ၉.၃၇ ရာခိုင်နှုန်းထိ မြင့်တက်ခဲ့သည်ကို တွေ့ရှိရပါသည်။ ယူကရိန်း-ရုရှားစစ်ရေးပြဿနာကြောင့် စားသောက်ကုန်နှင့် လောင်စာဆီစျေးနှုန်းများမြင့်တက်လာသည့်အပြင် သွင်းကုန်လုပ်ငန်းရှင်များကိုပါ ထိခိုက်လာစေပါသည်။ ငွေကြေး ဖောင်းပွမှုသည် ယာယီမဟုတ်ဘဲဆက်လက်မြင့်တက်မည်ဟု ခန့်မှန်းထားကြပါသည်။

ငွေကြေးဖောင်းပွမှုကြောင့် ဗဟိုဘဏ်များအနေဖြင့် စျေးနှုန်မြင့်တက်ခြင်းကို ထိန်းချုပ်နိုင်ရေးတင်းကြပ်သည့်ငွေကြေးမူဝါဒများချမှတ်ဆောင်ရွက်ရန် လိုအပ်လာပါသည်။ ယင်းသို့တင်းကြပ်လာမှုများကြောင့် ဖွံ့ဖြိုးပြီးနိုင်ငံများအနေဖြင့် အာဆီယံနိုင်ငံများတွင် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) စီးဝင်မှု အလားအလာများ လျော့နည်းသွားမည်ဖြစ်သည်။ အမေရိကန် ဗဟိုဘဏ်သည် ယခုနှစ်၏ ပထမခြောက်လပတ်အတွင်း အတိုးနှုန်းကို သုံးကြိမ်အထိမြှင့်တင်ခဲ့ပြီး  ၂၀၂၀ ခုနှစ် မတ်လတွင် ၀.၂၅ ရာခိုင်နှုန်းအထိ၊ ယခုနှစ် မတ်လတွင် ၀.၅၀ ရာခိုင်နှုန်းအထိ၊ မေလတွင် ၁ ရာခိုင်နှုန်းနှင့် ဇွန်လတွင် ၁.၇၅ ရာခိုင်နှုန်းအထိ ဖြစ်ပါသည်။

အတိုးနှုန်းမြင့်တက်လာခြင်းကြောင့် စီးပွားရေးလုပ်ငန်းရှင်များနှင့် စားသုံးသူများကြား ချေးငွေကုန်ကျ စရိတ်လည်း မြင့်တက်လာပြီး ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုနှင့် ပြည်တွင်းစားသုံးမှုကိုပါ လျော့နည်းလာစေပါသည်။ ဘဏ်ချေးငွေ အတိုးနှုန်းမြင့်တက်လာခြင်းကြောင့် ထုတ်လုပ်မှု ကုန်ကျစရိတ်ပါမြင့်တက်လာသည့်အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများသည် လုပ်ငန်းချဲ့ထွင်ခြင်း သို့မဟုတ် လုပ်ငန်းအသစ်လုပ်ကိုင်ခြင်းမှ အကျိုးအမြတ် ရရှိနိုင်ချေနည်းပါးလာပါသည်။

အမေရိကန်သည် အာဆီယံသို့ ဝင်ရောက်ရင်းနှီးမြှုပ်နှံသူ အဆင့် ၁ နေရာတွင်ရှိပြီး  ၂၀၂၀  ခုနှစ်တွင်း အာဆီယံ FDI ၏၂၆ ရာခိုင်နှုန်းအထိ နေရာယူထားကြောင်း တွေ့ရှိရပါသည်။ သို့ရာတွင် FDI စီးဆင်းမှု နည်းပါးခြင်းကြောင့်   အာဆီယံ၏ စီးပွားရေး နာလန်ထူနိုင်မှုကို အားလျော့စေကာ အလုပ်အကိုင်အခွင့်အလမ်းများနည်းပါးလာခြင်း၊ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုအတွက် ငွေကြေးသုံးစွဲမှု လျော့ကျလာခြင်းနှင့် အခွန်ငွေရရှိမှုနည်းပါးလာခြင်းများ ဖြစ်စေပါသည်။

အာဆီယံနိုင်ငံများတွင် ငွေကြေးဖောင်းပွမှုနှုန်းသည် တောက်လျှောက်မြင့်တက်နေသည်ကို တွေ့ရှိရပြီး ပျမ်းမျှနှုန်းမှာ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလတွင် ၀.၉ ရာခိုင်နှုန်းမှ ဒီဇင်ဘာလတွင် ၃.၁ ရာခိုင်နှုန်းထိလည်းကောင်း၊ ၂၀၂၂ ခုနှစ်၊ ဧပြီလတွင် ၄.၇ ရာခိုင်နှုန်းထိလည်းကောင်း မြင့်တက်ခဲ့ပါသည်။ ငွေကြေးဖောင်းပွမှုနှုန်းသည် ယခုနှစ် ဧပြီလတွင် အာဆီယံနိုင်ငံများအနက် အင်ဒိုနီးရှားနိုင်ငံတွင် ၁၄၉ ရာခိုင်နှုန်း၊ စင်္ကာပူနိုင်ငံတွင်၁၆၁ ရာခိုင်နှုန်း၊ လာအိုနိုင်ငံတွင် ၂၀၆ ရာခိုင်နှုန်းနှင့် ထိုင်းနိုင်ငံတွင် ၂၆၇ ရာခိုင်နှုန်းထိ ရုတ်တရက်မြင့်တက်ခဲ့သည်ကို တွေ့ရှိရပါသည်။ သို့ရာတွင်  မလေးရှားနိုင်ငံတွင် ငွေကြေးဖောင်းပွမှုနှုန်း လျော့ကျသည်ကိုတွေ့ရှိရပြီး ဖိလစ်ပိုင်နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတွင်    ပုံမှန်ရှိနေခဲ့ပါသည်။

 

လဲ့လဲ့နှင်း (MYANTRADE)

Source: The Diplomat

https://thediplomat.com/2022/06/inflation-the-threat-to-asean-economic-recovery-in-2022-and-beyond/

Category: International News